Friday, September 25, 2009


စာဖတ်နည်း

“ စာပေဟူသည် ခေတ်တစ်ခေတ်၏ ကြေးမုံ ဖြစ်၏” ဒီလိုဆိုကြတယ်။ အဲဒီတော့ စာပေထဲမှာ ခေတ်၏ သဘော ပါဝင်တယ်လို့ အဓိပ္ပါယ်ရတယ်။ ဒါကြောင့် စာဖတ်နည်းကို ဖေါ်ပြကြခြင်း ဖြစ်တယ်။
စာဖတ်နည်းကို SIMAC လို့ အတိုကောက် ဆိုကြတယ်။ အဲဒီအထဲက S ဆိုတာကတော့ Situation “ခေတ်၏ အခြေအနေ”လို့ အကြမ်းဖျင်း အနက်ရတယ်။ I ဆိုတာကတော့ Intention “ စာရေးသူ၏ ရည်ရွယ်ချက်၊ စာရေးသူ ၏ စေတနာ” ဖြစ်တယ်။ M ဆိုတာကတော့ Matter “အကြောင်းအရာ” ဖြစ်တယ်။ A ဆိုတာကတော့ Approach “ချည်းကပ်နည်း” ဖြစ်တယ်။ ယခုခေတ်ကတော့ “ဇောင်း” ပေးခြင်းလို့ ဆိုတယ်။ C ကတော့ Consistency “အကြောင်းအကျိုး” သို့မဟုတ် “ရှေ့နှင့်နောက် ဆီလျော်ခြင်း” သို့ မဟုတ် “ညီညွတ်ခြင်း”ဖြစ်တယ်။

အဲဒီတော့ စာတစ်ပုဒ်ကို ဖတ်ရင် ဖြစ်စေ၊ ရေးရင်ဖြစ်စေ ဒီအင်္ဂါ ၅ချက်ကို တွေ့အောင် ရှာရတယ်။ ဒီအင်္ဂါ ၅ချက်ကလည်း ပေါ်တင်ကြီးတော့ ရှိမနေရဘူး။ ပေါ်တင်ကြီး ရှိနေပြန်ရင်လည်း ဒေါသသင့်တယ်လို့ ဆိုပါတယ်။ ရှိတော့ ရှိရမယ်၊ သွယ်သွယ်ဝိုက်ဝိုက် ရှိရမယ်။ ဒါမှ ဂုဏ်မြောက်တယ်လို့ ဆိုပါတယ်။ အဲဒီ ၅ ချက်ထဲမှာ အရေကြီးဆုံးကတော့ ချဉ်းကပ်နည်းပဲဖြစ်တယ်။

အကြောင်းအရာ ဆိုတာကတော့ “ပုံ”ဖော်စရာဖြစ်တဲ့ သဘောမို့ သိပ်ပြီး အရေးကြီးလှတယ်လို့ မသတ်မှတ်ကြပါဘူး။ သူသူငါငါ ပြောကြတဲ့ အကြောင်းအရာများ အားလုံးကို အကျဉ်းချုံးလိုက်လျှင် This “ဒီဟာ” ဆိုတာကိုပဲ ရပါတယ်။ လောကီရေး အရ ပြောပြော၊ လောကုတ္တရာရေး အရ ပြောပြော၊ ဘယ်သူကပဲ ပြောပြော “ဒီဟာ” ကိုပဲ ပြောကြတာပဲ။

ဒီနေရာမှာ “ဒီဟာ” ဆိုတာ ပစ္စုပ္ပန်တည့်တည့် မြင်ရ၊ ကြားရ၊ သိရတဲ့ အာရုံများပဲ ဖြစ်ပါ တယ်။ ဒီအာရုံများကို ပြောကြတဲ့ နေရာမှာ ချဉ်းကပ်မှု သို့မဟုတ် ဇောင်းပေးမှုကို လိုက်ပြီး ၀ါဒအမျိုးမျိုး ဖြစ်ပေါ်လာခြင်းပဲ ဖြစ်ပါတယ်။ ပဋိစ္စသမုပ္ပါဒ် အနုလောမနည်းနဲ့ ချဉ်းကပ်တော့ ဒုက္ခပွားစီးရေးကို မြင်ရပါတယ်။ ပဋိစ္စသမုပ္ပါဒ် ပဋိလောမနည်းနဲ့ ချဉ်းကပ်တော့ ဒုက္ခငြိမ်းရေးကို မြင်ရပါတယ်။ ဒုက္ခ ပွားစီးရေးအတွက် ဇောင်းပေးခြင်းကို “မိစ္ဆာပဋိပဒါ” လို့ ဆိုပါတယ်။ ဒုက္ခ ချုပ်ငြိမ်းရေးအတွက် ဇောင်းပေးခြင်းကို “သမ္မာပဋိပဒါ” လို့ ဆိုပါတယ်။

ဘာပဲဆိုဆို ကြည့်စရာကတော့ “သဠာယတန” မှာ ထင်တာ အာရုံတစ်မျိုးတည်းပဲ ဖြစ်ပါတယ်။ ဒီအာရုံ တစ်မျိုး တည်းကိုပဲ This “ဒီဟာ”လို့ ဆိုခြင်းဖြစ်ပါတယ်။ ဒါကြောင့် အကြောင်းအရာထက် ဇောင်းပေးခြင်းက ပို၍ အရေးကြီးပါတယ်။

This “ဒီဟာ” ကိုပဲ ဇောင်းပေးတဲ့အခါမှာ ကွန်မြူနစ်ဝါဒနှင့် ဇောင်းပေးရင် This “ဒီဟာ”က တစ်မျိး ဖြစ်သွားပါတယ်။ This “ဒီဟာ” ကတော့ This “ဒီဟာ” ပါပဲ။ ပရမတ္ထ အရ မပြောင်းလဲ နိုင်သော်လည်း ပညတ္တိ အရတော့ ပြောင်းသွားတာပါပဲ။ ဘာသာရေးစကားနှင့် ပြောမယ်ဆိုရင် ၀ဋ္ဋနိဿိတ ၀ါဒနှင့် ကြည့်ရင် ဒါန သီလ ဘာဝနာက တစ်မျိုးဖြစ်ပြီး။ ၀ိဝဋ္ဋနိဿိတ၀ါဒ နှင့် ကြည့်ရင် ဒါန သီလ ဘာဝနာက တစ်းမျိုးဖြစ်ပါတယ်။ ဒါကြောင့် အရေးကြီးတဲ့ ဇောင်းကိုပေးချင်လို့ မြတ်စွာဘုရား ပွင့်တော်မူလာခြင်း ဖြစ်ပါတယ်။

ဒီနေရာမှာ ဇောင်း ဆိုတာကတော့ သမ္မာပဋိပဒါ သို့မဟုတ် ၀ိပဿနာ သမ္မာဒိဋ္ဌိပါ။ ဒါကြောင့် စာကို ဖတ်သည်ပဲဖြစ်ဖြစ်။ စာကို ရေးသည်ပဲဖြစ်ဖြစ် စာဖတ်နည်း အင်္ဂါ ၅ မျိုးနှင့် ဖတ်တတ်ဖို့ လိုပါတယ်။

ဒီစာဖတ်နည်း ၅ မျိုးဆိုတာကလည်း တကယ်တော့ နည်းသစ်နည်းဆန်း မဟုတ်ပါ။ နေတ္တိကျမ်းမှာ ပါပြီးဖြစ်တဲ့ ရှေးခေတ် ပိဋကတ်တော်များလေ့လာရေး နည်းပဲဖြစ်ပါတယ်။ ယုတ္တိဟာရ၊ လက္ခဏာဟာရနှင့် စတုဗျူဟာ ဟာရဟာ ဒီစာဖတ်နည်းများထက် ပိုပြီးတော့ စုံပါတယ်။

စာဖတ်တဲ့ အခါ ဘာကြောင့် ဒီအင်္ဂါတွေနှင့် ပြည့်စုံဖို့ လိုသလဲ။

ဒါကို သဘောပေါက်ဖို့ အတွက် ကွန်ပျူတာတို့၊ သချာင်္တို့ အကြောင်းကို နည်းနည်း သိဖို့ လိုတယ်။ အဲဒါသိရင် စာဖတ်တဲ့အခါ ဒီအင်္ဂါနှင့်ပြည့်စုံမှ အနက်ကို သိမှာပဲ။ ဒီလိုနားလည်လာမယ်။ မဟုတ်လို့ကတော့ သူတစ်လူ ငါတစ်မင်း တစ်ယောက်နှင့် တစ်ယောက် မတူဘဲ သိချင်သလို သိနေကြမှာ။ အဲဒီတော့ ပုဂ္ဂလဓိဋ္ဌာန် ဖြစ်ပြီး ဓမ္မဓိဋ္ဌာန် ဒါ ဘယ်ရှိတော့မလဲ။ ဒီလိုဆိုရင် မြန်မာနိုင်ငံမှာ တစ်ဆင့်ထက် တစ်ဆင့် မြင့်မားတဲ့ စာရယ်လို့ ဘယ်လိုလုပ်ပြီး ထွက်လာနိုင်တော့မလဲ။

သချာင်္ ဆိုပါတော့။ သချာင်္ဟာ ရှေးတုန်းက အတော်ခက်တဲ့ ဘာသာ။ ဒေါက်တာဘွဲ့ ရဖို့ တော်တော် ခက်တယ်။ ခုတော့ ဒေါက်တာဘွဲ့ ရတဲ့သူတွေ များလာပြီ။ များလာပြီးဆိုတာ ရှိလာကြလို့ပြောတာ။ အဲဘာကြောင့်လဲဆိုရင် လေ့လာနည်းစနစ် ကွာလို့ပဲ ဖြစ်တယ်။ လူကတော့ သိပ်ကွာလှတာ မဟုတ်ပါဘူး။

ရှေးကတော့ ဉာဏ်ရည်ဉာဏ်သွေးကို ပဓာနပြုတယ်။ ဒီတော့ ဉာဏ်ကောင်းမှ တတ်တာပေါ့။ ခုတော့ ဒီလိုမဟုတ်ဘူး။ အချက်အလက်ကို မဓာနပြုတယ်။ အချက်အလက် ရှာနည်းကို မဓာနပြုပြီး သင်တယ်။ အချက်အလက် ရှာတတ်လာရင် တွက်နည်းအဆင့်ကို မြင်လာတယ်။ တွက်နည်းအဆင့်အတိုင်း တွက်ရင် ဘယ်သူတွက်တွက် မှန်တာပေါ့။ ကွန်ပျူတာဆိုရင် ပိုထင်ရှားတယ်။ ကွန်ပျူတာမှာ သိစိတ်တောင် မရှိဘူး။

ဒါပေမဲ့ အချက်အလက်တွေကို “ယုတ္တိ” နှင့် အညီ ထည့်ပေးလိုက်ရင် ကွန်ပျူတာက အဖြေထုတ်ပေးလိုက်တာ ပဲ။ ကွန်ပျူတာဆိုတာ ဘယ်စဉ်းစားတတ်မလဲ။ သိစိတ်မှ မရှိတာ။ ဒါကြောင့် အဖြေထုတ်ဖို့ အတွက် အချက်အလက်လိုတယ်။ “ယုတ္တိ” လိုတယ်။

ဒါဆိုရင် စာဖတ်တဲ့အခါမှာ အဖြေ “တစ်သံတည်း” ထွက်ဖို့အတွက် စာဖတ်နည်းပါ အချက်အလက်များ သိဖို့လိုကြောင်း ထင်ရှားတာပေါ့။ အချက်အလက်များကို ပြည့်စုံအောင် မသိရင်တော့ “ကောင်းတယ်”လို့ ပြောတဲ့သူက ပြောမယ်။ “မကောင်းဘူး”လို့ ပြောတဲ့သူကပြောမယ်။ ဒီတော့ ခက်တာပေါ့။ ဒါကြောင့် စာဖတ်တဲ့အခါမှာ စာဖတ်နည်းများကို နားလည်အောင် လေ့လာထားသင့်တယ်။

စာဖတ်နည်းကို ပုံစံထုတ်တဲ့အနေနဲ့ “မကောင်းဘူး။ အမှားတွေ ပါတယ်”လို့ ပြောတဲ့ ဓမ္မရံသီ ဆောင်းပါးအ ကြောင်းကို ပြောရအောင်။ ပထမ မှားတယ်လို့ ပြောတဲ့ အချက်က “ မြတ်စွာဘုရားသည် သန္တိသုခ နိုင်ငံတော်ကို တည်ထောင်တော် မူ၏” ဆိုတဲ့ အချက်ပဲဖြစ်တယ်။ ဒီနေရာမှာ နိဗ္ဗာန်ကို “ရွေပြည်” နှင့် တင်စားလေ့ ရှိပါတယ်။ ရှေးခေတ်ကတော့ ပြည်ပေါ့။ ခုခေတ်ကြတော့ နိုင်ငံ။ ဒီလို ဝေါဟာရ ပြောင်းသွား ပါတယ်။ ဒီလို တင်စားတာကို သမာဓိဂုဏ် ရောက်တယ်လို့ ဆိုကြတယ်။

သမာဓိဂုဏ်နှင့် ပတ်သက်ပြီး ကဗျာဒါသမှာ-
“အညဓမ္မော တတောညတြ၊ လောကသီမာ နုရောဓိနာ”လို့ ဆိုပါတယ်။ “သိပြီးသားနဲ့ မသိသေးတာကို ဆွဲခေါ်တဲ့ သဘောကို သမာဓိဂုဏ်”လို့ ဆိုလိုပါတယ်။

ဒီနေရာမှာ ပြည်တို့၊ နိုင်ငံတို့ ဆိုတာက သိပြီးသားပါ။ နိဗ္ဗာန်ကတော့ မသိသေးတဲ့ ဓမ္မ ဆိုပါတော့။ မသိသေး ဆိုတာကလည်း သစ္ဆိကရဏ သဘောနှင့်မသိခြင်းကို ပြောတာ။ အနုမာန သဘောနဲ့တော့ အားလုံးသိပါတယ်။ ဒါဟာလည်း ပြဿနာ မရှိပါဘူး။ နိဗ္ဗာန်ဆိုတာ ပြည်လည်းမဟုတ်ဘူး၊ နိုင်ငံလည်း မဟုတ်ဘူး။ အထည်ဒြပ်လည်း မရှိဘူး။ အသင်္ခတ နိစ္စ-ဓူဝ သန္တိသုခ သဘောသက်သက်ပဲလို့ ဗုဒ္ဓဘာသာဝင် အားလုံးက သိပြီးသားပါ။

ဒီသဘောကို လက်ရှိ ခေတ် အခြေအနေရှုထောင့်ကရော။ ရှေးခေတ်အခြေအနေ ရှုထောင့်ကရော မြင်နိုင်ပါတယ်။ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အသိဉာဏ်အင်အားကို အထင်သေးလို့ မရပါဘူး။ ဒါက ရှင်းပါတယ်။

မရှင်းတာက တည်ထောင်သူပါ။ သမာဓိဂုဏ်ရဲ့ လက္ခဏာမှာ “ လောကသီမာ နုရောဓိနာ” လို့ ဆိုပါတယ်။ ပြည်မှန်သမျှ၊ နိုင်ငံမှန်သမျှ တည်ထောင်သူ ရှိရပါတယ်။ ဒါက လောကဓမ္မတာပါ။

“သမာဓိဂုဏ်” ရောက်အောင် တင်စားတဲ့ အခါ လေကဓမ္မတာကို လိုက်နာရတယ်။ ဒါမှ သမာဓိဂုဏ် ရောက်တယ်။ လိုက်နာတာကို “လောကသီမာ နုရောဓိ” ခေါ်တယ်။ လောကဓမ္မတာကို မလိုက်နာမိရင် ဖြစ်စေ၊ တင်စားစရာ ရှိတာကို “အကုန်လုံး” မတင်စားရင် ဖြစ်စေ “သသံသယ ဒေါသ” သင့်နိုင်တယ်။ ဒါက ကဗျာဒါသ ရဲ့ အဆိုပါ။ ကဗျာဒါသ ၌-
“နိဏ္ဏယုတ္တံ ပယုတ္တာနိ၊ သံသယံ ဇနယန္တိစေ” လို့ ဆိုတယ်။ “အကြောင်း အရာ တစ်ခုကို ဆုံးဖြတ်လို့ ရအောင်ရေးပါ။ သံသယ ရှိအောင် မရေးပါနဲ့။ သံသယ ရှိအောင်ရေးရင် သံသယဒေါသ သင့်တတ်တယ်”လို့ ဆိုတယ်။ နောက်တစ်ခါ တင်စားစရာ ရှိရင်လည်း “အကုန်”တင်စားပါ၊ ချန်မထားပါနဲ့လို့ ကဗျာဒါသဆရာက သမာဓိဂုဏ်နဲ့ ပတ်သက်ပြီး-
“ယုဂပန္နေက ဓမ္မာနံ၊ အဈာ သော စ မတော ယထာ”လို့ မှာပြန်ပါတယ်။ ဒီမှာထားချက်အရ အလင်္ကာရ စာပေ အမြင်မှ သန္တိသုခနိုင်ငံတော်ကို တည်ထောင်သူဟာ မြတ်စွာဘုရား။ မာယာသုခ နိုင်ငံတော်ကို တည်ထောင်သူက မာရ်နတ်လို့ အပြည့်အစုံ တင်စားခြင်းပါ။ ထာဝရဘုရားကများ ဖန်ဆင်းတာ ဖြစ်လေမလား ဆိုတဲ့ သသံသယ ဒေါသကို မရောက်စေလိုလို့ အပြည့်အစုံ တင်စားခြင်းဖြစ်တယ်။

အကြောင်းအရာ တစ်ခုကို ဆုံးဖြတ်တဲ့အခါ “ဘက်စုံ” မြင်ဖို့ ကြိုးစားရတယ်။ ဘက်စုံ မမြင်ဘဲ ဆုံးဖြတ်ရင် ဒဿန ဆရာများက “အဒ္ဓဇရာတိယ ပဏ္ဍိစ္စ”လို့ ကဲ့ရဲ့တယ်။ အဒ္ဓဇရာတိယ၏ အနက်က “တစ်ဝက်အို” ဖြစ်တယ်။ သီလက္ခာန် ဋီကာသစ်ဆရာကြီးကတော့ “သတ္တဘင်္ဂီနယ”လို့ ဆိုပါတယ်။

အကြောင်း အရာတစ်ခုမှာ မြင်ထောင့် ၇ ခုရှိတယ်။ ဒီမြင်ထောင့်များဟာ သူ့ထောင့် အလိုက်တော့ တစ်ခုစီ အနေနဲ့ မှန်တယ်။ ဒါပေမဲ့ အပြည့်အစုံ တော့ မမှန်ဘူး။ အပြည့်အစုံမှန်ရလေအောင် ထောင့် ၇ ခုလုံးကို ချေဖျက်ပြီး ပြောရတယ်။ ဒါက “သတ္တဘင်္ဂီနယ”ရဲ့ ဆိုလိုရင်းပါ။ အိန္ဒိယ ဒဿနကတော့ သတ္တဘင်္ဂီနယကို “သိယာဝါဒ”လို့ ဆိုပါတယ်။ တစ်ခုချင်းစီ အနေနဲ့တော့ ဖြစ်နိုင်ခြေ ရှိတယ်လို့ ဆိုတာပါ။ ဒါပေမဲ့ အားလုံးကျတော့ ”မှားတယ်”လို့ ဆိုလိုတာပါ။

ဥပမာအနေနဲ့ ပြောရရင် မျက်မမြင် ပုဏ္ဏား ၆ယောက် ဆင်ကိုလက်နဲ့ စမ်းပြီး ပြောသလိုပါ။ သူ့ဟာနဲ့ သူတော့ အမှန်ပဲ။ တစ်ခုလုံး အတွက် မှန်လားဆိုတော့ မမှန်ဘူး။

နိုင်ငံတော် နှစ်ခုရှိတယ်။ မာယာသုခနိုင်ငံတော်နှင့် သန္တိသုခနိုင်ငံတော်။ ဒါတွေဟာ သမာဓိဂုဏ် အတွက် အားလုံး တင်စားချက်တွေပါ။ တင်စားတာလား ၊ မုချလားလို့ ခွဲမသိတဲ့လူ ဗုဒ္ဓဘာသာဝင် ထဲမှာ ရှိမှာ မဟုတ်ပါဘူး။ အရိယာများဟာ ဘ၀ချမ်းသာ၌ မမွေ့လျော်ကြဘူး။ သုဒ္ဓ၀ါသ ဘုံများ၌ပင် နေရစေကာမူ ဘ၀ချမ်းသာ၌ မမွေလျော်ကြဘူး။ ဘ၀ဟာ သုခမဟုတ်ဘူး၊ ဒုက္ခဆိုတာ သူတို့သိကြတယ်။

ဒါကြောင့် ဘုံဘ၀၌ ငြီးငွေပြီး ဘုံဘ၀မှ အားလုံးလွတ်မြောက်လိုကြတယ်။ ကိုက နေပေမဲ့ စိတ်က မနေဘူး။
ဒီသဘောကို ရည်ရွယ်ပြီးတော့ “မာယာသုခ နိုင်ငံတော၌ အရိယာများ နေတော်မမူကြချေ”လို့ ဆိုတာပါ။ ဒါဟာလဲ တင်စားတာပါ။ သမာဓိဂုဏ်အတွက် တင်စားခြင်းပါ။ တင်စားမှန်းလည်း သိကြပါတယ်။ ဗုဒ္ဓဘာသာ စာဖတ်ပရိတ်သတ်ဟာ မညံ့ပါလှပါဘူး။ ဒါပေမဲ့ “ညံ့လွန်း”ရင်လည်း အန္တရယ် မရှိဘူး။ “တော်လွန်း” ရင်လည်း အန္တရာယ်မရှိဘူး။ မညံ့တညံ့ (၀ါ) မကျက်တကျက်သာ အန္တရယ် ရှိတယ် လို့ လောကနီတိ ဆရာကလဲ “အပ္ပပညော မဟာသကော၊ အပ္ပပူရော ဃဋော ခေါဘေ”လို့ ဆိုတယ်။ အင်္ဂလိပ် စကားပုံကလည်း Little knowledge is dangerous လို့ ဆိုပါတယ်။ ဒီအဆင့်မျိုး ဗုဒ္ဓဘာသာ စာဖတ်ပရိတ်သတ်ထဲမှာ မရှိပါဘူး။

“မြတ်စွာဘုရားသည်သာ သန္တိသုခနိုင်ငံတော်ကို သိတော်မူ၏” လို့ဆိုတာကလည်း စာဖတ်တဲ့အခါ-
၁။ ခေတ်နှင့် ခေတ်၏ အခြေအနေကို သိမယ်။
၂။ စာရေးသူ၏ ဦးတည်ချက်ကို သိမယ်။
၃။ အကြောင်းအရာကို သိမယ်။
၎။ ချဉ်းကပ်ထောင့်ကို သိမယ်။
၅။ ရှေ့နှင့်နောက် ညီညွတ်မှု ရှိမရှိကို သိမယ်။ ဒီ ၅ ချက်ကို သိထားရင် စာပိုဒ်ရဲ့ အနက်မှန်ကို သိပါတယ်။ အနက်မှန် သိရေးအတွက် ဒီ ၅ ချက်ဟာ အနည်းဆုံး လိုအပ်ချက်ပါပဲ။ ဒီ ၅ ချက်ကိုမှ သိမထားရင်တော့ စာတစ်ပိုဒ်၏ အနက်ကို သိဖို့ ခက်တယ်။

ခေတ်နှင့် ခေတ်အခြေအနေကို ကြည့်မယ်ဆိုရင် မဟာသက္ကရာဇ် ၁၀၃ ကဆုန်လပြည့်ကျော် ၁ ရက်နေ့မှ ၀ါဆိုလပြည့်ကျော် ၅ရက်မတိုင်မီ တစ်လကျော်ကာ အခြေအနေကို သိဖို့လိုမယ်။ အလောင်းတော် မင်းသားဟာ “စကြာဝတေးမင်း”ဖြစ်အောင် မလုပ်ဘူး။ “ဘုရား”ဖြစ်အောင်လုပ်မယ်ဆိုပြီးတော့ ကျင့်တော်မူလိုက်တာ ခု ဘုရားဖြစ်ပြီ၊ နိဗ္ဗာန်ကို မျက်မှောက်ပြုပြီ။ သစ္စာလေးပါးကို သိပြီ၊ ဒီအချိန်မှာ နိဗ္ဗာန်ကိုသိတာ မြတ်စွာ ဘုရားတစ်ပါးတည်း ရှိသေးတယ်။ ဒါက တစ်ချက်။

နောက်တစ်ချက်က မြတ်စွာဘုရားသည် “အတုလ” ဖြစ်တယ်။ “ဧကပုဂ္ဂလ“ဖြစ်တယ် ဒါမှန်တယ်။ နောက်ပဉ္စ၀္ဂီတို့ သောတာပန်ဖြစ်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုတယ်။ သစ္စာလေးပါးကို သိတယ်။ ၀ါဆိုလပြည့်ကျော် ၅ရက်နေ့ကျတော့ အားလုံးရဟန္တာဖြစ်သွားကြတယ်။ ဒီတော့ သန္တိသုခကို သူတို့လည်း သိတာပေါ့။ အားလုံး နိဗ္ဗာန်ကို မျက်မှောက်ပြုတဲ့နေရာမှာ သစ္စာလေးပါးကို သိတော်မူတဲ့ နေရာမှာ အတူတူပဲ။ ဘာမှ မထူးဘူး။

ဒီလို ဆိုကြတယ်။ ဒါက အာရုံပိုင်းဆိုင်ရာ ပြဿနာ Ontological View အနေနဲ့ ပြောကြခြင်း ဖြစ်တယ်။ သိမှုပိုင်း ဆိုင်ရာ ပြဿနာ Epistemological View အနေနဲ့ကျတော့ မတူဘူး။ ထူးတယ်။

မြတ်စွာဘုရား၏ အရတ္တမဂ်ဉာဏ်က “သဗ္ဗညုတ” ထိုက်တဲ့ ဉာဏ်။ အခြားအရိယာများ၏ အရဟတ္တမဂ်ဉာဏ်က သဗ္ဗညုတ မထိုက်ဘူး။ ဒါကြောင့် မြတ်စွာဘုရားသည် အရဟတ္တမဂ်ဉာဏ်ကို ရတာနဲ့ သဗ္ဗညုတဉာဏ် ရခြင်း ကိစ္စကိုပါ ပြီးစီးစေနိုင်ခြင်းဖြစ်တယ်။ ဒါက ချဉ်းကပ်နည်းနဲ့ ဆိုင်တဲ့ အနက်ပါ။

သဗ္ဗညုတအရ “အားလုံးကို သိတယ်” ဆိုတဲ့နေရာမှာ အားလုံးဟာ ၂ မျိုးရှိတယ်။ အရေအတွက် အရ အားလုံးနှင့်၊ အရည်အချင်းအရ အားလုံးဖြစ်တယ်။ အရေအတွက် အရ အားလုံးဆိုတာ သိစရာ မှန်သမျှ တစ်ခုမှ မကျန် အားလုံးကို သိခြင်းဖြစ်တယ်။ ဒါဟာ အာရုံပိုင်းဆိုင်ရာ ပြဿနာပါ။

အဲဒီ သိစရာတွေ သိတဲ့အခါမှာ အားလုံးကို တစ်ပြိုင်နက် သိတာမဟုတ်ဘူး။ တစ်ခုစီ တစ်ခုစီ အာရုံပြုပြီး သိတာ။ ဥပမာအားဖြင့် “က”ကို သိတယ်ဆိုရင် အခြားပုဂ္ဂိုလ်များက “က”နှင့် ပတ်သက်သမျှ အားလုံးကို မသိဘူး။ ဒါကြောင့် သဗ္ဗညု” မဟုတ်ဘူး။ မြတ်စွာဘုရားကတော့“က”ကို သိရင် “က”နှင့် ပတ်သက်တာ အားလုံးကို သိတယ်။ “ခ”ကို သိရင် “ခ”နှင့် ပတ်သက်တာ အားလုံးကို သိတယ်။ ဒါကြောင့် “သဗ္ဗညု”ဖြစ်တယ်။

“သဗ္ဗညု” ဖြစ်လောက်အောင်လည်း အရဟတ္တ မဂ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုတုန်းက ၀ါသနာနှင့်တကွ ကိလေသာတွေ အားလုံးကို ပယ်နိုင်သောကြောင့်ဖြစ်တယ်။ ဥပါဒါနပစ္စယာ ဘဝေါ(ဇော) အရ ၀ါသနာဟာ သိမှုအပေါ်မှာ ဘယ်လောက် လွှမ်းမိုးနိုင်တယ်ဆိုတာ ထင်ရှားပါတယ်။ “ဣဿာ” ၀ါသနာပါတဲ့သူဟာ သူတစ်ပါးကို “ဣဿာ” မျက်စိနဲ့ပဲ မြင်တတ်တယ်။ “လောဘ” ၀ါသနာပါတဲ့ သူဟာ ဘာကိုကြည့်ကြည့် “လောဘ” မျက်စိနဲ့ပဲ ကြည့်တတ်တယ်။

ကိလေသာကို ၀ါသနာနှင့်တကွ ပယ်သတ်နိုင်ခြင်းသည် သဗ္ဗညုတဉာဏ် ရခြင်း၏ အကြောင်း ဖြစ်တယ်။ အာရုံပိုင်း အနေနဲ့ကတော့ နိဗ္ဗာန်ဟာ အပြောင်းအလဲ မရှိဘူး။ This ဒီဟာ- ဒီဟာပါပဲ။

အာရမ္မဏိကပိုင်း အနေနဲ့ကျတော့ အပြောင်းအလဲ ရှိတယ်။ လောကမှာ မြတ်စွာဘုရားနှင့် ရည်တူ သိသူရယ်လို့ မရှိပါဘူး။ လောကမှာလည်း ဆိုရိုးရှိတယ်။ အကြောင်းအရာ တစ်ခုနှင့် ပတ်သက်ပြီးတော့ အသိဆုံး ဖြစ်ရင် “သူသာသိတာ၊ တခြား “သူ့”လောက် ဘယ်သူမှ မသိဘူး” ဒီလိုပြောရိုးဆိုစဉ်ရှိတယ်။

ဒါကြောင့် ခေတ်နှင့် ခေတ်၏ အခြေအနေမှ ကြည့်ရင်လည်း ထိုအချိန်မှာ မြတ်စွာဘုရား တစ်ပါးတည်းပဲ သစ္စာ လေးပါးကို သိသူ ရှိသေးတာ။ ဒီနောက် သိမှုဆိုင်ရာ မြင်ကွင်း (Epistemological View) ကကြည့်ရင်လည်း မြတ်စွာဘုရားဟာ သစ္စာလေးပါးကို သိတဲ့နေရာမှာပဲ ဖြစ်ဖြစ်၊ အခြား ဘယ်နေရာမှာပဲဖြစ်ဖြစ် “အတုလ” ၀ါ၊ “ဧကပုဂ္ဂလ” ၀ါ။ သဒ္ဒါနည်းအရ ဆိုရင်တော့ “သဒ္ဓါဓိကော အတ္တာဓိကော” ပေါ့။

ဒီတော့ ဘက်စုံကြည့်နည်းအရ ကြည့်လျှင် ဒီစာပိုဒ်ဟာ မမှားပါဘူး။ ဆင်ရဲ့ အစွယ်ကိုသာ စမ်းမိပြီး “ဆင်” ဟာ “သန်လျက်လိုပဲ” လို့ပြောတဲ့ မျက်မမြင်ပုဏ္ဏား အမြင်မျိုးနဲ့ ကြည့်ရင်တော့ စာတစ်ပိုဒ်၏ အနက်ကို မှန်အောင် သိဖို့ မလွယ်ဘူး။

နောက်တစ်ချက်က “နာနာက္ခဏိက `ကံ` ဟာ ဥပါဒ်၊ ဌီ၊ ဘင် မရှိဘူး” ဒီအဆိုကို မှားတယ် လို့ ဆိုကြတယ်။
အမှန်ကတော့ မမှားဘူး။ ပဋ္ဌာန်းအရဆိုလျှင် “ကံ”ဆိုတာ ဇော စေတနာပဲ။ ဒီတော့ ပထမ ဇောစေတနာကို ပြောရမယ်ဆိုရင်၊ မိမိမချုပ်ခင် အခိုက်မှာ သဟဇာတကမ္မဖြစ်တယ်။ ဒီတော့ ကမ္မ၊ သဟဇာတ၊ နိဿယ၊ အဟာရ၊ အတ္ထိ၊ အ၀ိဂတ”လို့ ၆ ပစ္စည်း ပြိုင်နိုင်တယ်။

ဒီမှာ အတ္ထိ နှင့် အ၀ိဂတ ပါတယ်။ အတ္ထိနှင့် အ၀ိဂတ ပါတော့ သဟဇာတကမ္မမှာ ဥပါဒ်၊ ဌီ၊ ဘင် ရှိတဲ့ သဘောကို ပြောတာ။ ဒါက “သဟဇာတကမ္မ”အခိုက်။

နောက် ပထမဇော ချုပ်သွားပြီ၊ ဒုတိယဇော ၀င်လာတယ်။ ဒုတိယဇောဝင်လာတော့ ပထမဇောက သဟဇာတကမ္မကနေ အနန္တရ ကမ္မ(အာသေ၀န) ဖြစ်သွားတယ်။ ဒီတော့ ပထမဇောက ကမ္မ(အာသေ၀န)၊ အနန္တရ၊ သမနန္တရ၊ ဥပနိဿယ၊ နတ္ထိ၊ ၀ိဂတလို့ ၆ ပစ္စည်းပြိုင်တယ်။ ဒီမှာ နတ္ထိနှင့် ၀ိဂတပါတယ်။ နတ္ထိနှင့် ၀ိဂတဆိုတာ ဥပါဒ်၊ ဌီ၊ ဘင် မရှိတဲ့သဘောကို ပြောတာ။

နောက်ဒုတိယဇော ချုပ်သွားပြီ။ တတိယဇော ၀င်လာတယ်။ ဒီမှာ ဒုတိယဇောက တတိယဇောအား ကမ္မ(အာသေ၀န)၊ အနန္တရ၊ သမနန္တရ၊ ဥပနိဿယ၊ နတ္ထိ၊ ၀ိဂတလို့ ၆ ပစ္စည်းပြိုင်တယ်။ ပထမဇောက တတိယဇောအား ကမ္မ(နာနာက္ခဏိက)၊ ဥပနိဿယ လို့ ၂ ပစ္စည်းပဲ ပြိုင်တယ်။

ဒီမှာ ဆိုချင်တာက “ပထမဇော”သည် မိမိ ဥပါဒ်ခိုက် သဟဇာတကမ္မဖြစ်တယ်။ ဥပါဒ်၊ ဌီ၊ ဘင်ဟူ၍ ခဏငယ် သုံးချက်ရှိတယ်။ ဒုတိယဇော ၀င်လာတယ်။ ဒီတစ်ခါ “ပထမဇော”သည် အနန္တရ၊ ကမ္မ(အာသေ၀န) ဖြစ်သွားတယ်။ ဥပါဒ်၊ ဌီ၊ ဘင် ဟူ၍ ခဏငယ်သုံးချက် မရှိတော့။ ဒီတစ်ခါ “ပထမဇော” သည် နာနာက္ခဏိက ကမ္မဖြစ်သွားတယ်။ ဥပါဒ်၊ ဌီ၊ ဘင်ဟူ၍ မရှိတော့။ “ဇော”တွေဟာ ဒီသဘောချည်းပါပဲ။

ဒါဖြင့် “ဥပါဒ်၊ ဌီ၊ ဘင် မရှိရင် ဘာမျှ မရှိတော့ဘူးလား”လို့ မေးရင်တော့၊ နိဗ္ဗာန် မရမချင်း သတ္တိ အနေနဲ့ အရိပ်ပမာ သန္တာန်၌ အစဉ်လိုက်ပါတယ်။

ဒီပဋ္ဌာန်းဒေသနာတော်ကို ထောက်ရင် နာနာက္ခဏိက ကမ္မဟာ ဥပါဒ်၊ ဌီ၊ ဘင် ဆိုတဲ့ ခဏတ္တယဟာ မုချအားဖြင့် မရှိဘူးဆိုတာ ထင်ရှားပါတယ်။ ဥပစာရ အားဖြင့် ရှိတယ်လို့ ဆိုချင်ရင်တော့ ဆိုပါ။

နောက်တစ်ချက်က “ဘ၀ ပွားစီးရေးအတွက် လုပ်တဲ့ ဒါန၊ သီလ၊ ဘာဝနာဟာ သာသနာတော်ကို ဖျက်လိုစိတ် မရှိပါဘဲနဲ့ ဖျက်ဆီးရာရောက်တယ်” ဆိုတဲ့ အဆိုနဲ့ ပတ်သက်ပြီးတော့ မမှားကြောင်း သံဃ၊ ၂၊ ၁၈(ပဋိပဒါ) သုတ်မှာ-
ယံ ဟိ ကိဉ္စိ ဘ၀တ္တယ သင်္ခါတံ ၀ဋ္ဋ ပတ္ထေတွာ ပ၀တ္တိတံ၊ အန္တမသော ပဉ္စဘိညာ အဋ္ဌ ၀ါ သမာပတ္တိယော၊ သဗ္ဗံ တံ ၀ဋ္ဋပက္ခိယံ ၀ဋ္ဋ သီသန္တိ၊ ၀ဋ္ဋ သီသတ္တာ မိစ္ဆာပဋိပဒါဝ ဟောတိ- လို့ဆိုတယ်။ မြတ်စွာ ဘုရား ပွင့်တော်မူလာ တာက “သမ္မာပဋိပဒါ” ကို ဟောချင်လို့ ပွင့်လာတာ။ ဒီတော့ “မိစ္ဆာပဋိပဒါ”နဲ့ “သမ္မာပဋိပဒါ” ဟာ ဖြောင့်ဖြောင့် ဆန့်ကျင်ပါတယ်။

ဒီတော့ စာတစ်ပိုဒ်ရဲ့ အနက်မှန်ကို သိချင်ရင် စာဖတ်နည်းကို သိမှ၊ စာဖတ်နည်းကို သိချင်ရင် နေတ္တိ ကျမ်းကို လေ့လာမှ။ အကုန်လုံး မလေ့လာနိုင်ရင်တောင် “ယုတ္တိဟာရ၊ လက္ခဏာဟာရ၊ စတုဗျူဟာ ဟာရ” ကိုတော့ သိမှဖြစ်မယ်။

ဆောင်းပါးရှင်တွေဟာ သူ့ပရိတ်သတ်နဲ့သူပါ။ အမြင်ချင်း တူကြရင် အကြိုက်ချင်းတူကြတာပဲ။ ခက်တယ်၊ လွယ်တယ် မဟုတ်ပါဘူး။

ဓမ္မရံသီ မဂ္ဂဇင်းပါ “ချမ်းသာကို ရှာဖွေခြင်း” ဆောင်းပါးရဲ့ ဦးတည်ချက်က ဘ၀ကို မဇ္ဈိမပဋိပဒါနှင့် ကြည့်တတ်ရင် “သန္တိသုခ”ကို ရတယ်လို့ ဆိုတာပါ။ အကြောင်းအရာကတော့ ပဋိစ္စသမုပ္ပါဒ်ကို အခြေခံပြီး ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ်၊ ပေါင်းသုံးသုတ်ကို ရေးခြင်းပါ။ ဒီသုံးသုတ်ဟာ မြတ်စွာဘုရားရဲ့ သာသနာတော်မှာ ပထမဦးဆုံးလည်းဖြစ်၊ အရေးအကြီးဆုံးလည်းဖြစ်။ အခြေခံ အကျဆုံးလည်း ဖြစ်လို့ပါပဲ။
ဆောင်းပါးအမှတ်စဉ်က (၁၇)ရှိသွားပါပြီ။

နောက်ဆုံးပြောချင်တာက “ငါ့လှေ ငါထိုး ပဲခူးရောက်ရောက်”ဆိုတဲ့ ၀ါဒဟာ မက္ခလိဂေါသာလ ၏ ၀ါဒဖြစ်လို့ အင်မတန် အန္တရယ်ကြီးတယ်ဆိုတဲ့ အချက်ပါပဲ။ ဆင်ခြင်ဖွယ်ပါ။ သံဝေဂယူဖွယ်ပါ။

“လက်ဖက်ရည် ပန်းကန်လုံးထဲ၌ မုန်တိုင်းကို မြင်ချင်းသည် မှန်သောမြင်ခြင်း။” မဟုတ်ပါ။ ဤသဘောကို စာဖတ်သူများ အနေဖြင့် သတိပြုနိုင်ရန် တင်ပြခြင်းဖြစ်ပါသည်။
မှတ်ချက်၊၊ ဆရာကြီး ဦးရွှေအောင်၏ ဘဝအကျဉ်းသား စာအုပ်မှ။

သူတစ်ပါးမှာ အမှားတစ်ခုခု ချို့ယွင်းချက်တစ်ခုခု တွေ့တဲ့အခါ ကိုယ့်မျက်နှာကို မှန်ထဲမှာ ကြည့်နေသလို သဘောထားပါ။

ကိုယ့်ကိုယ့်ကို တကယ်သတ္တိရှိတယ် ထင်ရင် ကိုယ့်အမှားကို ကိုယ် ရဲရဲကြီး ပြင်လိုက်ပါ။

အမှားအယွင်းတွေ၊ ချို့ယွင်းချက်တွေကို မကြောက်တဲ့သူ အမှားထဲက ပညာရအောင် ယူတတ်တဲ့သူဟာ အမှားကိုပဲ ကောင်းတဲ့ဘက်က အကျိုးရှိအောင် ယူနိုင်လို့ မှားတာဟာ တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတစ်ခု ဖြစ်သွားတယ်။

အကောင်းကို အဆိုးဖြစ်အောင် မြင်တတ်တာဟာ အသိအမြင် မှားယွင်းမှူတွေထဲမှာ အဆိုးဆုံး၊ အထိခိုက်ဆုံး အမှားမြင်ပုံပဲ။

အဆိုးတွေ ဘယ်လောက်ကြုံရကြုံရ အကောင်းကို မျှော်လင့်ချက်ထားပြီး လုပ်သင့်တာကို ဆက်ပြီး လုပ်နိုင်ရမယ်။ ဒါကြောင့် စိတ်ကို သိနေတဲ့ အလေ့အကျင့် ရှိဖို့ သိပ်အရေးကြီးတယ်။

ကိုယ့်အဆိုးကို လက်ခံနိုင်မှသာ အဲ့ဒီ့အဆိုးဟာ အကောင်းဘက်ကို တဖြည်းဖြည်း ပြောင်းသွားမယ်။ လက်မခံနိုင်သေးသရွေ့ ဖုံးကွယ် ထားသရွေ့ အကောင်းဖြစ်မလာနိုင်ဘူး။

အမှန်တော့ ဘ၀နဲ့ ပတ်သက်ပြီး အလေးနက်ဆုံး အသိဉာဏ်ကို အဆိုးနဲ့ ကြုံရပြီး အဆိုးကို ခံနိုင်ရည် ရှိပြီးတော့ ဒိအဆိုးထဲက အသိဉာဏ်ရပြီး လွန်မြောက်လာတဲ့သူတွေကမှ ရတယ်။

သူတပါး အပြစ်ကို ထောက်ပြရုံနဲ့ ကိုယ့်အပြစ်က ပျောက်မသွားဘူး။

စေတနာဆိုးနဲ့ လုပ်တာတွေ အားလုံးဟာ ကိုယ့်စိတ်ထားကို အောက်တန်းကျသွားစေတယ်။

ဘ၀တစ်ခုလုံးဟာ လက်တွေ့ စမ်းသပ်မှူ လုပ်နေတာပဲ။ အမှားတွေကို များများပြင်နိုင်တဲ့သူ ဖြစ်ဖို့လိုတယ်။ တစ်ချို့ လူတွေဟာ မှားနေမှန်း မသိဘူး။ တစ်ချို့တော့ မှားနေမှန်း သိပါလျက်နဲ့ မပြင်ချင်ဘူး။ အဲ့ဒီ့လို လူတွေဟာ အသိဉာဏ် မကြီးထွားဘူး၊ မတိုးတက်ဘူး။

မမှားဘူးတဲ့သူ မရှိပါဘူး၊ အမှားကင်းဖို့ ဆိုတာလည်း သိပ်တော့ မလွယ်ဘူး။ အမှားနဲ့ဖို့ပဲ ကြိုးစားရမှာ၊ အမှားတစ်ခုကို ထပ်ခါ ထပ်ခါ မမှားဖို့ မလုပ်မိဖို့ပဲ လိုပါတယ်။

သူများမှားလို့ ကိုယ်ခံရတာထက် ကိုယ်မှားလို့ ကိုယ်ခံရတာက ပိုဆိုးပါတယ်။


ကိုယ့်အပြစ်ကို ရှာပြတဲ့သူကို ကိုယ့် ကျေးဇူးရှင်လို့ သဘေားထားပါ။

အသေးအမွှား အဆိုးတွေကြောင့် စိတ် အနှောင့်အယှက် ဖြစ်တာကို မခံချင်ရင် အရေးကြီးတဲ့ အလုပ်၊ တန်ဖိုးရှိတဲ့ အလုပ်တွေကို အချိန်ပြည့် လုပ်နေပါ။

အကောင်းအဆိုး နှစ်မျိုးစလုံးကို နားလည်လက်ခံပြီး ခံနီုင်ရည်ရှိမှ ပိုပြီး ရင့်ကျက်တဲ့သူ ဖြစ်မယ်။

ကိုယ်က သူများကို အပြစ်တင်နေတာ ရှူံ့ချနေတာဟာ သူဘယ်လိုလူ ဆိုတာ တကယ်တော့ သိပ်မပေါ်လွင်ဘူး၊ ငါဘယ်လိုလူ ဆိုတာတော့ သေသေချာချာ ပေါ်လွင်သွားပြီ။

တကယ်ကြီးတဲ့ ထိရောက်တဲ့ တန်ဖိုးရှိတဲ့ ကိုယ့်အတွက် စိတ်ကျေနပ်မှူ အများဆုံးရတဲ့ အလုပ်၊ ကိုယ့်အရည်အချင်းတွေလည်း အများဆုံးထုတ်ပြီး သုံးရတဲ့ အလုပ်ကို လုပ်မယ့်သူဟာ အသေးအမွှား အဆိုးတွေကို တွေးနေဖို့ မသင့်ဘူး။

သူတစ်ပါးကို အပြစ်မြင်လို့ရှိရင် အဲ့ဒီအပြစ်မျိုး ကိုယ့်မှာ ရှာကြည့်ပါ။ ရှိနေတတ်တာပဲ များပါတယ်။ သူတစ်ပါးမှာ ကောင်းတာ မြင်ရင်လည်း အဲ့ဒီလို ကောင်းတာ ငါ့မှာကော မရှိဘူးလား။ ရှိရင် ကောင်းပါတယ်။ ကောင်းသထက် ကောင်းအောင် ကြိုးစားရမယ်။ မရှိသေးရင်တော့ ရှိလာအောင် ကြိုးစားရမယ်။

တကယ်တော့ အဆိုးတွေထဲက အမှားတွေထဲက ဒုက္ခတွေထဲကမှ တကယ်လေးနက်တဲ့ အသိဉာဏ်ကို ရတာပါ။ အလေးနက်ဆုံး အသိဉာဏ်ကို ဘ၀တွေ့အကြုံ ထဲကပဲ ရနိုင်တယ်၊ စာအုပ်ထဲက မရနိုင်ဘူး။ ဘ၀ဟာ အလေးနက်ဆုံး စာအုပ်ပဲ။

ကိုယ့်ကိုယ်ကို ဒုက္ခပေးရင် လောကကြီး ဒုက္ခရောက်တယ်။ ကိုယ်နဲ့ လောကကြီးဟာ ဆက်စပ်နေတယ်၊ ဘယ်လိုမှ သီးခြားဖြစ်သွားအောင် လုပ်လိုက်ရင် လောကကြီးကို ကောင်းအောင် လုပ်တာပါ။

ကိုယ့်ကိုယ်ကို ပြုပြင်ပြောင်းလဲချင်ရင် ငါ ဘာကို ကြောက်တာလဲ၊ ဘာကို မုန်းသလဲဆိုတာကို အရင်ဆုံးသိအောင်လုပ်ပါ။ အဲဒီ့က စ, ပါ။

သူများအပြစ်ကို များများရှာပြီး ပြောနေတဲ့သူဟာ ကိုယ့်ဂုဏ်သိက္ခာကို ကိုယ်ချတာပဲ။ သူများကို ဂုဏ်သိက္ခာချပြီးမှ ကိုယ့်ဂုဏ်ကို တင်လို့ရမယ့် ဘ၀ကို ရောက်နေရပြီ။


ဆရာတော် ဦးဇောတိက (တစိမ့်စိမ့်တွေးမယ်) စာအုပ် (စာမျက်နှာ ၂၅ မှ -၂၉ ထိ) မှ

ပုံနှိပ် စာအုပ် လောကစာအုပ် စိတ်စာအုပ် သုံးမျိုးရှိတယ်
စိတ်ကို ဖတ်တတ်ဖို့ တစ်ခြားစာအုပ်တွေကို ဖတ်နေရတယ်.............
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

သစ်ပင်တိုင်းမှာ အလှတစ်မျိုးစီ ရှိကြပါတယ်
လူတိုင်းရဲ့ တစ်မျိုးစီ အလှကို မြင်တတ်ရင်
ဘယ်လောက်သာယာ လိုက်မလဲ လို့ ......................................
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

ကြေကွဲမှု ပျက်စီးမှု ဆုံးရှုံးမှုတွေနဲ့ အတူ
ထွက်ပေါ်လာတဲ့ တောင်းပန်ပါတယ် ဆိုတဲ့ စကားကို
လွယ်လွယ်မသုံးမိအောင် သတိထားပါ .....................................
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

ကြာပန်းက ရေကန်ကိုသာ အလှဆင်တယ်
မိုးတိမ်တွေကလည်း ကောင်းကင်ပြာကိုသာ အလှဆင်တယ်
လာခြင်းကောင်းသော မိတ်ဆွေကတော့ တစ်လောက လုံးကို အလှဆင်တယ် ..............
( သုဗောဓာ လင်္ကာရကျမ်း)

သူ့ကြောင့် ၀မ်းသာခဲ့ ဖူးပြီ .......
သူ့ကြောင့် ခံစားခဲ့ဖူးပြီ ...........
ဝမ်းသာရတာ ခံစားရတာ
ပင်ပန်းလှပါပြီ..........................
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

ဝမ်းသာစရာတွေလည်း ကြုံခဲ့ဖူးပါပြီ
ဝမ်းနည်းစရာတွေလည်း ဆုံခဲ့ဖူးပါပြီ
ဘာမျှ မယ်မယ် ရရ မရှိခဲ့ပါဘူး
အသိဥာဏ် တိုးပြီး လူဖြစ်ကျိုးနပ်တယ်ဆိုလို့
တော်သေးတာပေါ့.........................................
ဓမ္မဒူတ ဆရာတော် (မှော်ဘီ )

စွန်လွှတ်သူ ဆိုတာ သူ့ကို ဘယ်သူကမှ မကြည့်ချင်နေပါစေ
သူလွှတ်တဲ့ စွန် တက်နေတာကိုကြည့်ပြီး ပီတိနဲ့ကျေနပ်နေတတ်သူမျိုးပါ
ဓမ္မဘေရီ ဆရာတော် (တောင်စွန်း)

ကြာလည်းမမေ့ ..................
ရှာလည်းမတွေ့.................
ငါလည်းတစ်နေ့................
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

သူ့နှလုံးသားရဲ့ စကားပြန်ကတော့
သူ့အမူအရာပါပဲ ...............................
ဓမ္မဘေရီ ဆရာတော် ( တောင်စွန်း )

မပြိုကွဲနိုင်တဲ့ အရာကို
ဆောင့်မတိုးလိုက်နဲ့
သူမကွဲရင် ကိုယ်ကွဲမယ်...............
ဓမ္မဘေရီ ဆရာတော် ( တောင်စွန်း )

သစ်ပင်တိုင်းမှာ
အလှတစ်မျိုးစီ
ရှိကြပါတယ်..........................
လူတိုင်းရဲ့
တစ်မျိုးစီ အလှကို
မြင်တတ်ရင်
ဘယ်လောက် သာယာလိုက်မလဲ လို့.............................
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

အမှိုက်လှဲ ပြီးမှ
ရှင်းတာထက်
မရှုပ်ဘဲ ရှင်းနေတာက
ပိုကောင်းမယ်......................
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

အရွယ်ချင်း မတူရင်...............
နေရာချင်း မတူရင်...............
အဖြစ်ချင်း မတူရင်..............
အသိချင်း မတူနိုင်ပါဘူး.........
ဒါလေးတော့
နားလည်သင့်တာပေါ့..................
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ငယ်တုန်းက ထမင်းကို
ဝါးပြီးခွံ့ခဲ့တာ ကောင်းပေမယ့်
ကြီးလာတဲ့ အခါ
အန်ဖတ်တွေ ထင်တတ်တယ်............
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ကျေနပ်စရာကြောင့်ဖြစ်စေ
မကျေနပ်စရာကြောင့်ဖြစ်စေ
လောကဓံကြောင့်
တုန်လှုပ်နေသူ မှန်သမျှ
လောကကို အရှုံးပေးနေရသူချည်းပါပဲ..................
ဆရာတော် တစ်ပါး

အယောင်ဆောင် ပညာရှိက
အပြစ်ကိုသာရှာပြီး
ထောက်ပြတတ်တယ်
ပညာရှိအစစ်က
အမှန်ကို ချီးကျူးပြီး
အမှားကို ပြုပြင်ပေးတယ်
အဋ္ဌကထာဆရာတော် ( သီဟိုဠ် )

ပုထုဇဉ် ဆိုတာ အပြစ်နဲ့ မကင်းဘူး ဆိုပေမယ့်
ဆရာသမားက ကိုယ့်တပည့်ပါ လို့ မပြောချင်လောက်အောင်
မိဘက တို့သားသမီးပါ လို့ မပြောချင်လောက်အောင် အထိတော့
မဖြစ်စေသင့်ဘူး.............................................
ည၀ါအကျော် ဆရာတော်ကြီး ( တောင်မြို့ )

ဘာမှ မစွမ်းနိုင်ဘူးဆိုရင်တောင်
ကိုယ့်ခြေရာ လက်ရာ တစ်ခုခုတော့
နောင်လာနောက်သား သတိရလောက်အောင်
ချန်ထားရစ်ခဲ့ ရမယ် .........................
ည၀ါအကျော် ဆရာတော်ကြီး ( တောင်မြို့ )

ကိုယ့်ကို စောင့်ရှောက်တာ
ကိုယ့်မှာ ရှိတဲ့ တရားပဲ........................

ကိုယ့်ကို ဖျက်ဆီးတာ
ကိုယ့်မှာ ရှိတဲ့ မတရားပဲ.....................
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ကိုယ်က မှန်အောင်နေပြီး
သူများမှားနေရင်လည်း
နားလည်နိုင်ရမယ်...............
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

စုပြီး ဆုံပြီး ရှင်းလင်းကြတာက
စုဆုံပြီး ငြင်းကြတာထက်
အကျိုးကောင်းတွေ များပါတယ်...................
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

သဘာဝတရားကြီးဟာ
ချစ်စရာလို့ပဲ ထင်ထင်...
မုန်းစရာလို့ပဲ ထင်ထင်...
သူ့သဘော သူဆောင်တာ မှန်ပေမယ့်
သတ္တ၀ါတွေက
ချစ်ခင်စရာတွေကိုတော့ မခွဲချင်ကြဘူး...
မုန်းစရာကျတော့ မတွေ့ဆုံချင်ဘူးဆိုတဲ့ ..
လိုအင်ဆန္ဒတွေ ဖြစ်နေကြတယ်... .... ...
(တရားဦး- ဓမ္မဘေရီ အရှင်ဝီရိယ)

လူတိုင်းဟာ အသက်ရှင်ဖို့အတွက်သာ
ရေးကြီးခွင်ကျယ် ထင်မှတ်နေကြပေမယ့်
အသက်ရှင်ရတာဟာ
ဘာလုပ်ဖို့လဲဆိုတာ အထိတော့
ဆက်ပြီး မစဉ်းစားတတ်ကြဘူး...။
ဆရာတော်တစ်ပါး (ပုသိမ်)

မသင့်တော်တဲ့ နေရာကို
ရောက်ခဲ့ရင်တောင်မှ
သင့်တော်တဲ့ အကျင့်တွေ
မဖျောက်ပစ်ပါနဲ့.....................
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ပညာဆိုတာ ကောင်းပါတယ်။
ပညာရှိချင်တာလား?
ပညာပြချင်တာလား?
နည်းနည်းတော့ သတိထားပါအုံး.............
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ကိုယ်ကမှန်အောင်နေပြီး
သူများမှားနေရင်လည်း
နားလည်နိုင်ရမယ်.............
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ကောင်းတာတွေကို ကြိုးစားလုပ်ရင်းနဲ့
လုပ်သမျှတွေဟာ ..
အကောင်းချည်း ဖြစ်လာရင်
အကောင်းဆုံးပေါ့
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

အသိပေးဆုံးမပေးမည့်သူကို ..
ရှာသင့်ပေမယ့်
ကိုယ်စကားနားထောင်မည့် သူကိုပဲ
ရှာနေကြတယ်။
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

သောကမီးတွေ ညီးညီးပြောင်ပြောင်
အမြဲတောက်လောင်နေပါလျှက်
ဘာကြောင့် ပျော်ရွှင်ဝမ်းမြောက်နေကြသလဲ..
အမှောင်ထုကြီး ကာဆီးပိတ်ဖုံးထားပါလျှက်
ဘာကြောင့် လင်းရာကို မရှာမှီးကြသလဲ..
(ဓမ္မပဒတရားတော်-၁၄၆)

ရင်ခွင်ပိုက် ကလေးများက မိခင်ရဲ့ မေတ္တာကို စိန်ခေါ်တယ်..
သက်ကြီးရွယ်အိုတို့က သားသမီး မြေးများနဲ့ လူငယ်တို့ရဲ့
ကျေးဇူးသိတတ်မှုနဲ့ မေတ္တာတရားကို စိန်ခေါ်တယ်..
လောကဓံတရားက အရွယ်ရောက်သူတိုင်းကို စိန်ခေါ်တယ်...
ကံတရားက တုန့်ပြန်မှု အားလုံးကို စနစ်တကျ မှတ်တမ်းတင်လိမ့်မယ်
ဓမ္မဘေရီ ဆရာတော် ( တောင်စွန်း)

ကျေးဇူးဆိုတာ သိတတ်သူအတွက်
အကျိုးကန့်သတ်မရှိ ခံစားနိုင်သလို
ကျေးဇူးကန်းသူအတွက် ကန့်သတ်မရှိ
ပေးဆပ်ရတတ်တာမျိုး....
ဓမ္မဘေရီ ဆရာတော် (တောင်စွန်း)

အမြဲတမ်း သူ့ကိစ္စနဲ့သူ
ရှုပ်နေတာပါလို့ နားလည်ရင်
ကိုယ့်အရှုပ် ထပ်မပေးလိုက်ပါနဲ့
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

ပြဿနာဆိုတာ လောကရဲ့ ဂုဏ်ပုဒ်တစ်ခုပါ
ကိုယ်နဲ့ သိပ်မဆိုင်ရင်
ပြဿနာက သေးတယ်
များများဆိုင်ရင် ပြဿနာက ကြီးလာပြီ
လုံးဝမဆိုင်တော့ရင်တော့
ပြဿနာမရှိတော့ပါဘူး
ဓမ္မဒူတဆရာတော် (မှော်ဘီ)

ကောင်းတဲ့အလုပ်ဟာ
နောက်ကျတယ်ဆိုတာ မရှိပါဘူး
လုပ်ငန်း စရသေးတာပဲရှိတယ်။
ဓမ္မဒူတဆရာတော် ( မှော်ဘီ)

ရေအိုးစင်က ရေသောက်ရတဲ့အခါ
သစ်ပင်ရိပ်မှာ နားခိုရတဲ့အခါ
ကျေးဇူးရှင်ဟာ ရေအိုးလား? ရေဖြည့်ပေးသူလား?
အခက်အရွက်လား? ပင်စည်လား?
ဓမ္မဘေရီဆရာတော် (တောင်စွန်း)

မိုက်တယ်ဆိုတာ ကိုယ်ပဲ ခံရတာ
လိမ္မာတယ်ဆိုတာ ကိုယ်ပဲ စံရတာ
မယုံခဲ့ရင်တောင် မိုက်မကြည့်နဲ့
လိမ္မာပါ။
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

အဆင်ပြေတာ မပြေတာထက်
နေသာဖို့က အရေးကြီးပါတယ်
နေတတ်ရင် နေသာပါတယ်။
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

ကုသိုလ်ကံမှာ လိုရာကိုပေး စိတ်လည်းအေး၍
သူကတစ်ဖန် ကိုယ့်ကိုပြန် တာဝန်ယူပေးမှာ
တိပိဋက ဆရာတော်ကြီး (ယော)

လူကိုယုံလို့ ပုံအပ်ခဲ့ပြီးပြီ
ရွှေကိုယုံလို့ စီးပွားရှာခဲ့ပြီးပြီ
ရတနာသုံးပါးကို ယုံကြည်လို့
ပုံအပ်ပြီးပြီလား............?
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

"ဒုက္ခ" ဆိုတဲ့ ကောင်က သူရောက်လာရင်
အနည်းဆုံးတော့ ညည်းညူနေမှ ကျေနပ်တာလေ..
ဖြစ်နိုင်ရင် ငိုကြီးချက်မနဲ့ လူးလှိမ့်နေတာကို
သူက မြင်ချင်တာကိုး...
ကိုယ်က သူ့အလိုနဲ့  ဆန့်ကျင်ပြီး
ဣနြေ္ဒမပျက် နေပြလိုက်တော့
သူအတော် ဖြုံသွားပုံရတယ်..
ခုဆို ကိုယ့်ဆီ သူ တယ်လာချင်ပုံ မရတော့ဘူး.....
ပရဟိတ ဆရာတော်ကြီး

လေကြောင့် ပျံသန်းနိုင်တဲ့ ငှက်ဟာ
လေရှိမှန်း မသိကြသလို
ရေကြောင့် ကူးခပ်နိုင်တဲ့ ငါးဟာ
ရေရှိမှန်း မသိကြသလို
ဓမ္မ အဓမ္မကြောင့်
ကောင်းကောင်း ဆိုးဆိုး
ဖြစ်နေတဲ့ သတ္တ၀ါတွေ ဟာလည်း
ဓမ္မ အဓမ္မကို
ရှိမှန်း မသိကြပါဘူး...............။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ပေးနိုင်သူ ထံက တောင်း၊
လက်ခံမယ့် သူကို ပေး၊
ဒါမှ အဆင်ပြေမယ်...............။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ကောင်းတာကို လုပ်ဖို့လွယ်ရင် ကောင်းတဲ့ လူ
မကောင်းတာကို လုပ်ဖို့လွယ်တယ်ဆိုရင် ...?
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

လုပ်သင့်တာကို မလုပ်မိရင်
မလုပ်သင့်တာတွေ လုပ်မိနေတတ်တယ်.
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

လူတိုင်းမှာ အစွမ်းကိုယ်စီ ရှိကြပါတယ်
ကိုယ်စွမ်းရာက မစကြဘဲ
သူများပါးစပ်နဲ့ လမ်းဆုံးနေကြလို့သာ
အစွမ်းမပြနိုင်ကြတာပါ..
ဓမ္မဘေရီ ဆရာတော်ကြီး (တောင်စွန်း)

ကိုယ်ပြုသမျှ ကံများသည်ပင်
ကိုယ်ရှေ့ဆက်ရမည့် ခရီးအတွက်
ခရီးသွားလက်မှတ်များ ဖြစ်ပါတယ်
ဓမ္မဘေရီ ဆရာတော်ကြီး (တောင်စွန်း)

တခြားပစ္စည်းတွေကိုရောင်းလိုက်ရင်
အရှုံးမဟုတ်ရင် အမြတ်ရသေးတယ်
စိတ်ချမ်းသာမှုကိုရောင်းစားရင်
အရှုံးနဲ့ပဲ ရင်ဆိုင်ရမယ်
စိတ်ချမ်းသာမှုကို ဘာနဲ့မျှ
ရောင်းမစားပါနဲ့..................။ ။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

စေတနာ သည် လူတိုင်းနဲ့
မတန်သည် မဟုတ်
လူတိုင်းနဲ့ တန်တဲ့
စေတနာမျိုး
ထားနိုင်ဖို့သာ လိုအပ်ပါတယ်............။ ။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

စိတ်ဆိုးနေတဲ့ အခါ
ကောင်းတဲ့စိတ်နဲ့ လဲလိုက်ပါ
ရှုပ်နေရင် ရှင်းတဲ့စိတ်
ပူနေရင် အေးတဲ့စိတ်
နောက်နေရင် ကြည်တဲ့စိတ်နဲ့
ချက်ချင်းလဲ လိုက်ပါ..............။ ။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

လေးစားထိုက်သူရဲ့ စကားကိုမှ
နားထောင်ကြတာ။
ကိုယ့်စကား
နားထောင်စေချင်ရင်
လေးစားထိုက်အောင်နေပေါ့.........။ ။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ဖြစ်ချင်တာကို ဦးစားပေးခဲ့လွန်းလို့
ဖြစ်နိုင်တာတွေပါ ဆုံးရှုံးလိုက်ရပြီ
ဖြစ်နိုင်တာကိုသာ ဦးစားပေးရင်
ဖြစ်ချင်တာတွေပါ အားလုံး ဖြစ်လာမယ်..............။ ။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ဘေးကိုကြည့်လွန်း အားကြီးရင်
ဘေးတွေ့တတ်တယ်။ ။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ကိုယ်က ကြိုက်လို့ကောင်းတာထက်
ကောင်းတာမိုလို့ ကြိုက်တယ်ဆိုရင်
အကောင်းဆုံးကို ရနိုင်တာပေါ့...................။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

လူမှုရေးဆိုတဲ့ ကြိုးနဲ့
လူ့ဘောင်ကို ၀ိုင်းခတ်ထားတယ်
လူကိုမမှုရင်
လူ့ဘောင်ရဲ့ဘေးရောက်မယ်.........
လူကိုမှုနေရင်လည်း
ဒီအသိုင်းအ၀ိုင်းက မထွက်နိုင်တော့ဘူး.............
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

သူတစ်ဖက်သား မျက်မာန်ပွားသော်
တရားမကွာ ထိန်းစောင့်ကာဖြင့်
မေတ္တာနှလုံး ကိုယ်ကသုံးလျှင်
အရှုံးဘယ်မှာ ရှိချိမ့်နည်း။ ။
မင်းကွန်းဆရာတော်ကြီး

အမြင့်ရောက်မှ အမြင်ကျယ်တာထက်
အမြင်ကျယ်လို့ အမြင့်ရောက်တာက
ပိုကောင်းတယ်။ ။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

မေတ္တာ ပို့နေရုံနဲ့
မဖြစ်သေးဘူး
မေတ္တာဓာတ်တွေ
ရှိနေဖို့က
အရင်လိုအပ်တယ်။ ။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

မုန်းလောက်အောင်
ကြိုးစားလိုက်စမ်းပါ၊
ပျင်းတဲ့သူတွေက
မုန်းချင်သလောက်
မုန်းစမ်းပါစေ။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ရက်ရက်စက်စက်
ရိုးသားလိုက်စမ်းပါ၊
ဒီရက်စက်မှုမျိုးကို
သူတော်ကောင်းတွေက
မြတ်နိုးပါတယ်။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

မင်းမရှိလည်း ဖြစ်တယ်
သူမရှိလည်း ဖြစ်တယ်
ငါမရှိလည်း ဖြစ်တယ်
ဘာမျှ မရှိလည်းဖြစ်တယ်.............။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

မိုက်မဲတယ် ဆိုတာ
မိုက်လွန်လွန်း အားကြီးလို့
ကြုံတာလေး တစ်ခုတည်းကို
မဲ နေတာ............။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ဘာသာအားလုံး ရွှင်ပြုံးကြည်သာ ပေါင်းဆုံရာ မေတ္တာအလှဆုံး
လူမျိုးအားလုံး ရွှင်ပြုံးကြည်သာ ပေါင်းဆုံရာ မေတ္တာအလှဆုံး
သတ္တ၀ါအားလုံး ရွှင်ပြုံးကြည်သာ ပေါင်းဆုံရာ မေတ္တာအလှဆုံး
တိပိဋက ဆရာတော်ကြီး (ယော)

ကိုယ်ကျင့်တရား ဖြူစင်ရင်
အသိတရား မြင့်မြတ်လာသလို
စစ်မှန်တဲ့ အသိတရားရရှိသူဟာလည်း
ကိုယ်ကျင့်တရား ဘယ်တော့မှ မပျက်စီးဘူး..
ဓမ္မဘေရီ ဆရာတော်ကြီး (တောင်စွန်း)

"မမှားသော ရှေ့နေ၊ မသေသော ဆေးသမား" တဲ့
ဒီဖြေဆေးဟာ ဆေးယဉ်သွားရင်
ရောဂါကျွမ်းတတ်တယ်။
မမှားတာ အကောင်းဆုံးပဲ....
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ)

ကိုယ့်စကားကို သူ နားထောင်စေချင်ရင်
သူ့စကားကို အရင် သေသေချာချာ
နားထောင်ပေးလိုက်ပါဦး
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ)

မြင်တဲ့အတိုင်း အမှန်ဖြစ်မှ
အမှန်အတိုင်း မြင်တယ် ခေါ်တယ်။
မြင်တဲ့အတိုင်း မှန် , မမှန်
ကြားတဲ့အတိုင်း မှန် , မမှန်
ဆန်းစစ်ရမယ်။
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

အထွတ်အထိပ်ကို
ရောက်သွားသူတိုင်း
အခက်အခဲတွေကို
ရင်ဆိုင်ခဲ့ရတာတွေချည်းပါပဲ။
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)
မှတ်ချက်၊၊ သျှင် မှ ကူးယူဖေါ်ပြပါသည်၊၊

Thursday, September 3, 2009

ဒဏ် ခတ်ခဲ့သူ သို့


ချစ်သူ......
အတိတ်တွေကို မြေဆွတိုင်း
အရိပ်တွေ ချွေချခိုင်းသလို
စိတ်တွေ ဝေကာမှိုင်းလို့
မျက်ရည် ကြွေကျခိုင်းရသူက
ဒီလူပါ.... ချစ်သူ၊
သံစဉ်ချို တေးအလှတွေက
မကြာခင်ဆို တို့ဝေးကြမယ်လို့
ငါ ရင်ကို နှိုးဆွခဲ့တာလား?
အခုတော့.....
ဒဏ်ခတ်တုန်လှုပ်စေခဲ့တဲ့သူ
မင်းကြောင့်..
သံပတ်ကုန်တဲ့ နှလုံးစားတစ်စုံရယ်
ဒဏ်ချက်စုံတဲ့ အရှုံးသမားရင်အုံရယ်
ပြန်ထက်မဆုံတဲ့ ဝိုးတဝါးဆီကိုကွယ်
ငါ ဦးတည်နေရပြီ...ချစ်သူ ၊၊၊၊၊၊၊၊၊

Tuesday, September 1, 2009

သူတို့ ရဲ့ အဆို အမိန့်များ


လူကြီးတွေက စစ်ကြေငြာတယ်။ ဒါပေမယ့် တိုက်ပွဲမှာ သေပွဲဝင်ကြရတော့ လူငယ်တွေပဲ။

ဟားဗတ်ဟိုဗား

Older men declare war. But it is youth that must fight and die.

Herbert Hoover

ရုပ်ပုံတွေ စကားပြောတွေမပါတဲ့ စာအုပ်က ဘာလုပ်ဖို့လဲ။

လိဝစ္စကာရိုး(လ)

What is the use of book, Without picture and conversations?

Lewis Carroll

လူကြီးတွေက အရာရာကို ယုံကြည်တယ်။ လူလတ်တွေက အရာရာကို သံသယဝင်ကြတယ်။ လူငယ်တွေက အရာရာကို သိကြတယ်။

အော်စကာဝိုင်း

The old believe everything; the middle ageds suspect everything; the young know everything.

Oscar Wilde

လူတစ်ယောက် ဘယ်လိုသေဆုံးတယ်ဆိုတာ အကြောင်းမဟုတ်။ သူဘယ်လိုနေထိုင်သွားတယ်ဆိုတာသာ အကြောင်းဟုတ်ရဲ့။

ဒေါက်တာဆင်မြူရယ်ဂျွန်ဆင်

It matters not how man a dies. But how he lives.

Dr. Samuel Johnson

မိမိ၏ စွမ်းဆောင်မှုကို သိုသိပ်ထားနိုင်သူသည် အရည်အချင်း အရှိဆုံးသူပင်ဖြစ်သည်။

ရိုချီဖောကွတ်

There is great ability in knowing how to conceal one’s ability.

Rochefoucauld

ပါမွား ကလေးများ မရှိခဲ့လျှင် မဟာပုဂ္ဂိုလ်ကျော်ကြီးများလည်း ရှိလိမ့်မည်မဟုတ်။

ဂျော့ဟားဘတ်

There is great would have none great, and little all little.

George Herbert

အလှနှင့် မိုက်မဲမှုသည် အများအားဖြင့် ယှဉ်တွဲနေပေသည်။

ဘော်လ်တာဆာဂရီစီယန်

Beauty and folly are generally companions.

Baltasar Gracian

တစ်ကယ့်ပါရမီရှင်တစ်ဦး သေဆုံးသွားလျှင် ကျွန်ုပ်များစွာ ယူကျုံးမရဖြစ်ရပါသည်။ ကောင်းကင်ဘုံမှာထက် လူ့ဘုံမှာ သူလိုလူတွေ ပိုလိုအပ်နေပါသည်။

ဂျော့ခရစ္စတိုလစ်(ချ)ကင်းဘတ်

I am always grieved when a man of real talent dies. The world needs such men more than Heaven does.

George Christoph Lichtenberg

မျက်နှာရဖို့ ဟန်ဆောင်ခြင်းသည် ကျောက်ရောဂါထက် ဆိုးရွားသော ရန်သူဖြစ်သည်။

စိန့်အီဗာမောင်း

Affection is greater enemy to the face than the smallpox.

St.Evermond

နှလုံးသားမှာ အမှန်တရားရှိနေလျှင် ဦးခေါင်းဘယ်ဘက်ထားထား အကြောင်းမဟုတ်ပါ။

ဆာဝေါ်(လ်)တာရလေ

So the heart be right, it is no matter witch way the head lieth.

Sir Walter Raleigh

တွေးတတ်သူတွေအဖို့တော့ ကမ္ဘာကြီးဟာ ပျော်စရာပဲ။ ခံစားတတ်သူတွေ အတွက်သာ ဆွေးစရာပါ။

ဟိုးရေ့(စ)ဝေါ(လ)ဖိုး

The world is a comedy to those that think, a tragedy to those that feel.

Horace Walpole

အို… အသင်လူငယ်၊ ငယ်ရွယ်စဉ်မှာ ပျော်ပိုက်လိုက်စမ်းပါ။ နုပျိုရက်တွေမှာ သင့်နှလုံးသားက သင့်အားရွှင်လန်းပါစေ။

သမ္မာကျမ်းစာ

Rejoice, O young man, in the youth; an let thy heart cheer thee in days of thy youth.

The Bible

ရင်ဖွင့်ခြင်း


စိမ်းကားတယ်မဆိုဝံ့ပါဘူး ချစ်သူ
တစ်ချိန်က ချစ်ခြင်းတရားတွေ နဲ့
အနာဂါတ်ဆိုတာကို
ခရီးဆက်ဖို့ အတွတ်
ခွန်အားတွေမရှိတော့လို့ပါ။
ကယ်ပါယူပါလဲ
မအော်ဝံ့တော့ပါဘူး
ကယ်တင်မဲ့သူ ဆိတ်သုံးနေတဲ့
ငါ့ ဘဝ ကို ငါ နားလည်နေလို့ပါ၊
မင်း နဲ့ ပါတ်သက်ခဲ့တဲ့
အရာအားလုံးကို
ငါ.. မြတ်နိုးနေပါ့မယ်
ဘယ် ဘဝ တွေ အထိ
မချိ တဲ့ နှလုံးသားတစ်စုံ နဲ့
ငါ ခရီးဆက်ရအုံးမလဲ
ချစ်သူ....၊၊၊
မင်း နဲ့ ပတ်သက်တဲ့
အိပ်ပျက်ညများစွာကို
ငါ ရူးမိုက်စွာ
ယုယနေမိလေရဲ့
လူမသိစွာကျခဲ့ရတဲ့
ငါရဲ့......
အိပ်ရာဝင် မျက်ရည်စက်တွေက
ခေါင်းအုံးထက်မှာ
မခြောက်သေးပါလား
ချစ်သူရယ်.........၊၊။။။
(ကြွေလွင့်ခဲ့သူ)
 

Blogger